အိုင်ကွန် အဆင့်မြင့်ကွန်ပျူတာသင်တန်းမှ ကြိုဆိုပါတယ်....

Saturday, February 9, 2013

တစ်လ ကျပ်တစ်သိန်း ပေးသွင်းရုံဖြင့် ပိုင်ဆိုင်ခွင့်ရမည့် အရစ်ကျအိမ်ရာ မြို့ကြီးများတွင် တည်ဆောက်မည်။

အနှစ် ၂၀ အရစ်ကျ ပေးသွင်းရုံဖြင့် အလုပ်သမားများ အိမ်ပိုင်ဆိုင်နိုင်မည့် စီမံကိန်းကို ရန်ကုန်၊ မန္တလေး၊ ပုသိမ် စသော မြို့များတွင် အကောင်အထည် ဖော်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ “အဲဒီ စီမံကိန်းတွေကို ၂၀၁၅ မတိုင်မီ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်သွားမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လက်ရှိတွင် ဖေဖော်ဝါရီမှ စတင်ကာ ရန်ကုန်သာကေတရှိ နိုင်ငံတော်ပိုင် ဆိပ်ကမ်းနယ်မြေတွင် ၁၈ ထပ်တိုက် ၆၄ လုံး၊ အခန်းပေါင်း ၁၇၄၀၀ ခန့် ပါဝင်သော စီမံကိန်းကို ပြည်တွင်းကုမ္ပဏီ ၂၀ အား စတင် တည်ဆောက်စေမည်ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။ “အစိုးရက မြေအလကား ပေးမှာပေါ့ဗျာ၊ ဒါပြီးရင် လမ်း ၅၀ တို့၊ အရင် လင့်လမ်းတို့မှာ ရှိတဲ့ အိမ်အို၊ အိမ်ဟောင်းတွေ မှာလည်း ညှိနှိုင်းပြီး အထပ်မြင့် ဆောက်မယ်။ ပြီးရင် ဒါတွေမှာလည်း အရစ်ကျ ဝယ်ယူနိုင်ဖို့ လုပ်သွားမယ်” ဟု ၄င်းကဆက်လက် ပြောသည်။ ရန်ကုန်မြို့၌ စီမံကိန်းအရ အရစ်ကျဝယ်ယူနိုင်မည့် အိမ်ရာများအား တည်ဆောက်ပြီးပါက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ လွှဲအပ်ကာ အရစ်ကျ ဝယ်ယူနိုင်မည် ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီးဌာနမှ သိရသည်။ “ရန်ကုန်မှာ ဝန်ထမ်း ၄၀၀၀၀ လောက် အိမ်ပိုင်ဆိုင်အောင် လုပ်သွားမယ်။ လတ်တလော အရစ်ကျငွေကို ကျပ်တစ်သိန်းလောက် ပေးသွင်းနိုင်ဖို့ လုပ်ထားတယ်။ ဒီပမာဏ မတတ်နိုင်လည်း တစ်မျိုးပေါ့ကွာ” ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။ နိုင်ငံတော်က နှစ်ရှည်ချေးငွေဖြင့် ထုတ်ချေးမည့် ငွေကြေးဖြင့်ပင် ရန်ကုန် အပါအဝင် မန္တလေး၊ ပုသိမ်၊ မော်လမြိုင်ကဲ့သို့သော မြို့ကြီးများ၌ပါ ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လိုအပ်ပါက စင်ကာပူကဲ့သို့သော ပြည်ပနိုင်ငံမှ ကုမ္ပဏီများ ဖိတ်ခေါ်၍ တည်ဆောက်ခိုင်းမည်ဟု သမ္မတရုံးမှ သိရသည်။ ထို့အပြင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြန်မာနိုင်ငံ အနှံ့အပြားတွင် အိမ်ခန်းပေါင်း တစ်သန်း တည်ဆောက်နိုင်ရေးကို နှစ်နှစ်ဆယ် စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၁၁ ခုနှစ်အား စီမံကိန်း စတင်သည့်နှစ်အဖြစ် သတ်မှတ်ထား၍ ၂၀၃၁ ခုနှစ်တွင် အိမ်ခန်းပေါင်း တစ်သန်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ အိမ်ခန်းပေါင်း တစ်သန်း တည်ဆောက်နိုင်ရေးအတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအပြင် ရန်ကုန်စည်ပင်၊ မန္တလေး စည်ပင် စသည့် ဌာနပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒဂုံဆိပ်ကမ်းတွင် အိမ်ခန်းပေါင်း နှစ်သောင်းဝန်းကျင် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်ဟု အဆိုပါဌာနမှ (မြို့ပြနှင့် ဒေသစီမံကိန်းဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

1 comment :

  1. မန်းလေးမှာမြန်မြန်အကောင်အထည်ဖော်နိုင်အောင်လုပ်ပါလို့ အကြံပြုပါစေမန်းလေးမှာအိမ်ဌားဈေးကွက်တွေကအရမ်းဈေးတက်တော့ကျွန်မတို့ လိုဝန်ထမ်းတွေဘ၀ကတန်ဖိုးနည်းအိမ်ရာတွေချပေးမှသာအနေချောင်တော့မှာဖြစ်ပါသည်။

    ReplyDelete

လိုအပ်ချက်များကိုပြင်ဆင်နိုင်ရန် Comment ပေးခြင်းဖြင့်ကူညီပေးပါ....

Template by:

Free Blog Templates